Tuesday, March 29, 2011

** သာသနာ နှင့် ဒါယကာ **

စကားလုံးတို့၏ဆိုလိုရင်းအဓိပ္ပါယ်ကိုကြည့်သော် သာသာနာ ဟူသည် အဆုံးအမ (ဆုံးမကြောင်းတရား) သွန်သင်မှု- ဆုံးမသွန်သင်ရာဌာနပင်တည်း။ ဒါယကာဟူသည် ပေးလှူသူ ထောက်ပံ့သူ။ ဤသည်ကား သာသနာ- ဒါယကာ ဟူသော အခေါ်အဝေါ်ဝေါဟာရတို့ပေးသော သာမန်ဖွင့်ဆိုချက် အနက်အဓိပ္ပါယ်ဖြစ်၏။

ထိုသို့ဆိုလျှင် သာသနာသည် မည်သို့ဆုံးမသနည်း - ထိုအဆုံးအမကို အဘယ့်အကြောင့် အဘယ်သူကခံယူရသနည်း- - ဒါယကာသည် ဘာကြောင့်ပေးရသနည်း- ဒါယကာသည်ပေးရုံသက်သက်လော ဘယ်အရာတွေပြန်ရသနည်း--

သာသနာ မှ အဆုံးအမတို့ကိုခံယူရာ၌ မိုးရွာခြင်း ဥပမာသည် ထင်ရှားလှပေ၏ ၊ မိုးရွာသောအခါ ဧရိယာ တခုအတွင်း၌ ရေစက်ရေပေါက်တို့ ကျရောက်မှုမှာ များသောအားဖြင့် တူညီကြပါသော်လည်း မိုးရေသည် ကွင်းပြင်၌ ချထားသော ခွက်၌သော်လည်းကောင်း မြေနိမ့်ရာချိုင့်ဝှမ်းအရပ်၌သော်လည်းကောင်း တည်နေ၏ ၊ တနည်းအားဖြင့်ဆိုသော် ခွက်သည်လည်းကောင်း မြေနိမ့်ချိုင့်ဝှမ်းအရပ်သည်လည်းကောင်း မိုးရေကိုရရှိ၏ ၊ ဤဖြစ်ရပ်၌ ခွက်သည်လည်းကောင်း မြေနိမ့်ချိုင့်ဝှမ်းအရပ်သည်လည်းကောင်း မိုးရေကိုခံယူနိုင်သော ထိုက်တန်သောစွမ်းရည်ကိုပိုင်ဆိုင်ကြ၏ ထိုအရာတို့သည် မိုးရေကို ခံယူနိုင်သောနေရာ၌တည်ရှိကြ၏…… ဘုရားရှင်သည် သာသနာတော်ကို ထားခဲ့ရာ၌ မည်သူ့အတွက်ဟူ၍ သတ်မှတ်ချက်မထားခဲ့သော်လည်း ခံယူထိုက်သူ … ခံယူသူတို့သည်သာ သာသနာ၏ အကျိုးသက်ရောက်မှု ကောင်းကျိုးကိုရရှိကြ၏ ။ ထိုသို့ဖြစ်၍ ကျွန်ုပ်တို့ကိုယ်ကို ခံယူထိုက်အောင်ပြု၍ သာသနာမှ ကောင်းကျိုးကိုရှာဖွေရယူဖို့ရန်ကား ကျွန်ုပ်တို့၏ တာဝန်သာဖြစ်ပေသည်။

သာသနာမှ ဘာကိုပြန်ယူမည်နည်း


လောက၌ ချမ်းသာကြွယ်ဝမှု (ပိုင်ဆိုင်မှု-ဥစ္စာဓန) နှစ်မျိုးရှိရာ စိတ်ပိုင်းဆိုင်ရာ ချမ်းသာမှုနှင့် ရုပ်ဝတ္ထုကြွယ်ဝမှုတို့ပင်ဖြစ်၏ ၊ ရုပ်ဝတ္ထုအရာ၌ ချမ်းသာကြွယ်ဝမှုမှာ သိသာမြင်သာရှိလှ၏ ၊ ထို့အပြင် ထိုကြွယ်ဝမှုသည် အနားသတ်ကင်း၍ အတောမသတ်သော လိုအင်အပေါ်၌ မှီတည်နေ၏ ၊ သို့ဖြစ်၍ တခါတရံ ထို ရုပ်ဝတ္ထုကြွယ်ဝမှုသည်ပင် ဘေးရန်အန္တရာယ်ကိုဖြစ်ပေါ်စေပြန်၏… ရုပ်ဝတ္ထုဆိုင်ရာ ဥစ္စာပစ္စည်းရှာဖွေရာ၌ တရားနည်းလမ်းဖြင့် ရှာဖွေ၍ နောင်တပူပန်မှု မရှိပဲသုံးဆောင်ခံစားနိုင်ရန်အလွန်အရေးကြီးလှပေသည်…. စိတ်ချမ်းသာမှုသည်လည်းကောင်း စိတ်၏ အရည်အချင်းများတိုးပွါးမှုနှင့် စိတ်စွမ်းအားကြွယ်ဝမှုသည်လည်းကောင်း အများမြင်လွယ်သောအရာများ မဟုတ်သကဲ့သို့ ရရှိရန်ခက်ခဲလှပေ၏ ၊ ထိုအချက်များကို လောကဓမ်၏ ကြီးမားသောရိုက်ခတ်မှုများနှင့်တွေ့ကြုံသောအခါမှပင် သိရှိနိုင်ပေသည်။ ခက်ခဲသော်လည်း မဖြစ်မနေရှာဖွေရယူရမည့် ဥစ္စာဓနဖြစ်ပေသည်…… မြတ်စွာဘုရားရှင်သည် သဗ္ဗညုတဥာဏ်တော်ကို ရရှိပိုင်ဆိုင်တော်မူသည်နှင့်အညီ.. ရုပ်ဝတ္ထုပစ္စည်းများကို တရားသဖြင့်ရှာဖွေသုံးဆောင်ခံစားလျှက် စွမ်းအားပြည့်ဝခိုင်မာသောစိတ်ဓာတ်ဖြင့် ဘ၀ရပ်တည်မှုကိုတည်ဆောက်နိုင်ရန် ဗုဒ္ဓသာသနာတော်၌ အပြည့်အ၀ လမ်းညွန်ပြသထားတော်မူပေသည်--

ကိုင်းနှင့်ကျွန်းပင်

ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသောစကားမှာ ဤနေရာနှင့်အလွန်လိုက်ဖက်သောစကားလုံးဖြစ်သည်။ ကိုင်းပင်သည် ကျွန်းကိုအမှီပြု၍ ကျွန်းမြေ၌ ပေါက်ရောက်ရှင်သန်ရသလို စီးဆင်းသောရေအလျဉ်၏ တိုက်စားမှုကို ကြံ့ကြံ့ခံရင်ဆိုင်လျှက် ကျွန်း၏ဆက်လက်ရပ်တည်မှုသည်လည်း ကိုင်းပင်တို့၏ အမြစ်ကုပ်အားပေါ်မှီတည်နေပေသည် ၊ ထိုသို့မဟုတ်ပဲ ကျွန်းမြေမရှိပါက ရေထဲ၌ ကိုင်းပင်တယ် အမြစ်မတွယ် မရှင်သန်နိုင်သကဲ့သို့ ကိုင်းပင်မပေါက်သောကျွန်းသည်လည်း ရေရှည်ရပ်တည်ခွင့် ဆုံးရှုံး၍ ကွယ်ပျောက်သွားရပေလိမ့်မည်။ သာသနာနှင့်ဒါယကာ၏ဆက်သွယ်မှုမှာလည်း ထိုနည်းလည်းကောင်းပင် သာသနာသည် ဒါယကာ၏အကူအညီကိုယူရသကဲ့သို့ ဒါယကာသည်လည်း သာသနာ၏အဆုံးအမကိုယူရ၏။ သာသနာ၏အထောက်အပံ့ဖြင့်ရှင်သန်ရ၏ ၊ သာသနာ၏ အရိပ်အောက်သို့ခိုဝင်ရ၏ ၊ သာသနာကို မှီခိုအားထားရာအဖြစ်, ခြေကုပ်အဖြစ်မှီတွယ်ရ၏ ၊ သာသနာကို ကြာမြင့်စွာတည်တံ့အောင် အားထုတ်ခြင်းသည် မိမိ၏ အိမ်ကိုထိန်းသိမ်းခြင်းနှင့်လည်းတူ၏ ရိက္ခာဂိုဒေါင်ကို စောက်ရှောက်ခြင်းနှင့်လည်းတူ၏ ။ လောကဓမ်တရား (၈ ပါး) တို့တွင် အဆိုးလောကဓမ်တို့နှင့်တွေ့သောအခါ လူ၏စိတ်ဓာတ်သည် ယိုင်သွား၏ ဆောက်တည်ရာမဲ့ ဦးတည်ရာမဲ့ ပရမ်းပတာဖြစ်သွား၏။ စိတ်ဓာတ်သည် အောက်သို့ထိုးဆင်းသွားရကား မည်သည့်အရာကိုမျှလုပ်ကိုင်ချင်စိတ်မရှိ- ဖြစ်တတ်၏။ စိတ်စွမ်းအားမပါတော့ရကား လုပ်ဆောင်ချက်တို့သည်လည်း မူလအရည်အချင်းထက် များစွာနိမ့်ကျသွားပေတော့၏… ထိုသို့ဖြစ်ပါက အခွင့်အရေးများရှိသည့်တိုင်အောင် မူလအခြေအနေသို့ ပြန်လည်ဦးမတ်လာဖို့ ပြန်လည်ကြီးပွါးလာဖို့ မလွယ်ကူတော့ .. ကျရှုံးမှုများ ဆုံးရှုံးခြင်းများကို အတောမသတ်အောင်ပင်တွေ့ကြုံခံစားရတော့၏ -- ဤသို့ဖြစ်ခြင်းကား အဆိုးလောကဓမ်ကို ခံနိုင်ရည်မရှိခြင်းကြောင့်ပင်တည်း…

လောကတွင်း၌ ကျင်လည်နေရသူများအဖို့ လောကဓမ်တရားတို့နှင့်မကြုံတွေ့စေရန် ရှောင်လွှဲ၍လည်းမရ ပုန်းကွယ်နေလည်းမလွတ်နိုင်ပေ -- သို့ဖြစ်ရကား-- အဆိုးလောကဓမ်နှင့်ကြုံကြိုက်လျှင် ခံနိုင်ရည်ရှိစေရန် အားကိုးစရာ ရှိထားရပေမည်… အားကိုးစရာသည်ကား တရားနှင့်ယှဉ်သောအမြင်သဘောထားတည်း… ရှောင်လွှဲမရသောအခြေအနေနှင့်ကြုံကြိုက်ပါက လက်ခံနိုင်ရန်ကြိုးစားခြင်းမှတပါး အခြားနည်းလမ်းကောင်းမရှိပြီတည်း..။

အကောင်းလောကဓမ်သည်ကား စိတ်ဓာတ်ပျက်ပြားခြင်းကိုဖြစ်စေသော်လည်း အဆိုးလောကဓမ်ကဲ့သို့ သိသာလှသည်မဟုတ်.. အကြောင်းမူကား.. မိမိတို့လိုချင်သောအရာများဖြစ်၍ ပျက်ပြားခြင်းကိုမမြင်ခြင်းဖြစ်၏. အဆိုးလောကဓမ်နှင့်တွေ့လျှင်ကား လူသား၏စိတ်ဓာတ်သည် သိသာစွာ ပျက်ယွင်းသွားပေ၏..

တကယ်တမ်းတွင်မူ အကောင်းလောကဓမ်ဖြစ်သော.. စီးပွါးဥစာရရှိခြင်း..အခြွေအရံအသင်းအပင်းကိုရရှိခြင်း.. ချမ်းသာသုခခံစားရခြင်း..ချီးမွမ်းခံရခြင်း..တို့သည်လည်း လူ၏စိတ်ဓာတ်ကို တိုက်ခိုက်တတ်ကြသည်သာ.. အားနည်းအောင်ပြုတတ်ကြသည်သာပင်တည်း..ထိုအရာတို့ကို ရရှိခြင်းကား ကောင်း၏-.-ကံ၏သဘောတရားအရဆိုသော်-ကောင်းမှုကုသိုလ်၏အကျိုးများပင်ဖြစ်၏.. ပြဿနာကား ထိုကောင်းကျိုးများ၌ နစ်မြုပ်ခြင်း သာယာယစ်မူးခြင်းပင်ဖြစ်၏.. ထိုကောင်းကျိုးများ၌ နစ်မြုပ်နေသောစိတ်ဓာတ်သည်.. မာန်မာနတက်ခြင်း.. သည်းမခံနိုင်ခြင်း.. စသောမကောင်းသော အကျိုးဆက်များကိုယူလာပေ၏.. ဤသည်တို့ကား--ကောင်းမှု၏အကျိုးများမဟုတ်တော့.. ယစ်မူးပျော်ဝင်သောမကောင်းမှု၏အကျိုးဆက်များဖြစ်ပေ၏…

တခါတရံ အကောင်းလောကဓမ်နှင့်တွေ့ကြုံပါသော်လည်း ၄င်းတို့အပေါ်ယစ်မူးခြင်း တပ်မက်ခြင်း မာန်တက်ဝင့်ကြွားခြင်းတို့ကိုအခြေခံ၍ ဆိုးဝါးသောအခြေအနေသို့ပြန်လည်ဆိုက်ရောက်ရတတ်ပြန်သေး၏…

များပြားလှစွာသော အနုပညာရှင်များ.. အားကစားသမားများ.. ကံကြမ္မာစွတ်၍ တဟုန်ထိုး ကြီးပွားသူများ..ဤသို့သောပုဂ္ဂိုလ်တို့၏ ဘ၀အတက်အကျကို လေ့လာကြည့်ပါက အကောင်းလောကဓမ်အပေါ်တုန်လှုပ်မှုကိုတွေ့မြင်နိုင်ပေသည်..

ထိုကဲ့သို့လောကဓမ်နှင့်တွေ့ကြုံပါက မိမိစိတ်ဓာတ်ကို ထိန်းသိမ်းလျှက် တည်ငြိမ်စွာရင်ဆိုင်နှိုင်ရန် အဆိုးကိုဖြစ်စေ အကောင်းကိုဖြစ်စေ တွေ့ကြုံရသမျှကို လိုက်လျောညီထွေသော စိတ်ဓာတ်ဖြင့်လက်ခံနိုင်သော အခြေခံစိတ်ဓာတ်ကိုကား ဘာသာတရားကသာ ပေးစွမ်းနိုင်ပေ၏.. ထိုသို့မဟုတ်ပါက လူသားတို့၏ သဘာဝအတိုင်း အကောင်းနှင့်တွေ့က ယစ်မူးခြင်း-မာန်တက်ဝင့်ကြွားခြင်း တို့ဖြင့် ရူးသွပ်တတ်၏… အဆိုးနှင့်တွေ့ကြုံက စိတ်ဓာတ်ကျခြင်း-ငြီးညူခြင်းတို့ဖြင့် နစ်မြုပ်၏.. သို့ဖြစ်၍.. ခိုင်မာသောအခြေခံစိတ်ဓာတ်ကို ဘာသာသာသနာ၏ အဆုံးအမနှင့် အညီ လေ့ကျင့်ထားခြင်း-- ကြိုတင်အပြင်ဆင်နိုင်မီ လောကဓမ်ကိုရင်ဆိုင်ရန်မိမိတို့၏စိတ်ဓာတ် အဆင်သင့်မဖြစ်သေးခင် လောကဓမ်နှင့်လတ်တလောတွေ့ကြုံခဲ့ပါက မည်သို့ပြုကျင့်ရမည်ကို မေးမြန်းလျှက် လမ်းညွန်မှုယူခြင်းတို့ကို ဒါယကာသည် သာသနာထံမှရယူရပေမည်.. ထိုသို့မဟုတ်ပါက..ထိုဒါယကာအဖို့.. သာသနာကို ထိန်းသိမ်းခြင်းသည် မည်သို့အကျိုးရှိပေမည်နည်း.. မျက်မှောက်ခေတ်ဒါယကာအများစုသည်ကား.. သာသနာထံမှရယူရမည့် မိမိတို့၏အခွင့်အလမ်းကို လစ်လျူရှုကြ၏..ရယူရကောင်းမှန်းမသိဖြစ်ကာ ရပိုင်ခွင့်ကိုလက်လွတ်ဆုံးရှုံးနေကြ၏.. အချို့ကား သာသနာကို ပြုစုပျိုးထောင်မှုကား ပြုကြပေ၏.. ထိုသူတို့သည်ပင်..သာသနာ၏ အသီးအပွင့် အကျိုးကျေးဇူးကိုလစ်လျူရှုထားမိရကား သာသနာ၏ တန်ဖိုးကို မသိတတ်ဖြစ်နေကြပေ၏.. တန်ဖိုးကိုသိရန်အတွက် သာသနာမှအသီးအပွင့်ကို ရယူသင့်၏ .. သာသနာမှပေးသော အကျိုးကျေးဇူးကိုခံစားသင့်၏.. ဤနည်းဖြင့် သာသနာ၏ တန်ဖိုးကိုသိသည်ဖြစ်၍ သာသနာကိုစည်ပင်ပြန့်ပွါးအောင်ကြိုးစားရာ၏ .. သာသနာရန်စွယ်တို့ကို ပယ်လှန်တွန်းခွါ၍ အဓွန့်ရှည်အောင် ထိမ်းသိမ်းစောင့်ရှောက်ရာပေ၏… သို့မှသာ သာသနာနှင့်ဒါယကာတို့သည် ကိုင်းကျွန်းပမာ အချင်းချင်းမှီခိုရာဖြစ်ကြချေပေမည်တည်း…………

1 comment:

  1. Hi, I have been visiting your blog. Congratulations for your work. I invite you to visit my blog about literature, philosophy and films:

    http://alvarogomezcastro.over-blog.es

    Greetings from Santa Marta, Colombia

    ReplyDelete