Saturday, April 14, 2012

ဝဋ်နှောင်ကြိုး


ပိုင်ဆိုင်မှုသည် အချုပ်အနှောင် (နှောင်ကြိုး) တမျိုးဖြစ်၏ ၊
ပိုင်ဆိုင်မှု ၌ ပြန်လည်ရစ်ပတ်တတ်သော ချုပ်ကိုင်ခြင်း
သဘောရှိရကား ထို အရာသည် မိမိကို ပိုင်ဆိုင်သွားပြန်၏ ၊ ဆိုလိုသည်ကား မိမိက တစုံတခုကို ပိုင်ဆိုင်လာသောအခါ တစုံတခုကလည်း မိမိကိုပြန်လည်ပိုင်ဆိုင်သွားတတ်ခြင်းပင်တည်း.၊
ဥပမာ... သင်သည်ကားတစီးကို ပိုင်ဆိုင်သည်ဆိုပါစို့--သင်က ထိုကားကို ပိုင်ရှင်အနေဖြင့်ဆက်စပ်သည်နှင့်တပြိုင်နက် ကားကလည်းသင်၏ အပိုင်ဆိုင်ခံအနေဖြင့် သင့်နှင့်ပြန်လည်ဆက်စပ်တော့၏ .. သင့်ကိုပြန်လည်ရစ်ပတ်တော့၏....
သင်၏ကား ဘယ်မှာနည်း..ဟု မေးလျှင်ထိုကားကိုညွှန်ပြရသကဲ့သို့-- -ထိုကား၏ပိုင်ရှင် ဘယ်သူလဲ-ဟုမေးလျှင် သင့်ကိုပင်ပြန်လည်ညွှန်ပြရပေလိမ့်မည်.. ထိုသို့ဖြစ်ခြင်းကား--- သင် နှင့် ကားတို့၏ အကြား၌ ပိုင်ဆိုင်ခြင်းဖြင့် တွဲစပ်ထားသောကြောင့်ဖြစ်၏ .၊ ထို့ကြောင့် ပိုင်ဆိုင်ခြင်းသည် ရစ်ပတ်ချည်နှောင်တတ်ရကား ကြိုးနှင့်တူ၏..။။
လွတ်လပ်လိုသူ လွတ်မြောက်လိုသူသည် ထိုကြိုးကိုဖြတ်တောက်ရ၏ ..၊ ရှင်းလင်းရ၏ ..၊


အလေ့အကျင့်သည် တစုံတခုသော အလိုဆန္ဒကို ဖန်တီးသည်ဖြစ်အံ့-- ထိုအလိုဆန္ဒသည်
တည်မြဲတိုင်းသဘောကို တောင့်တခြင်းပင်ဖြစ်တော့၏.... ချည်တိုင်၌ ဖွဲ့နှောင်ခံရဖန်များသောအခါ (အပြစ်ကိုမမြင်သေးသ၍) ထို ချည်တိုင်သို့ပင် အကြိမ်များစွာ ပြန်လာတတ်ခြင်းသည် ဤသဘောပင်ဖြစ်၏..။

ကျွန်ုပ်တို့သည် သံသရာဝယ်ကျင်လည်ခဲ့စဉ်တလျောက်၌ ပိုင်ဆိုင်မှုကို လိုလားတောင့်တစွာ ရှာဖွေခဲ့သည်ဖြစ်ရကား ထိုပိုင်ဆိုင်ခြင်းသည် ကျွန်ုပ်တို့အတွက် တည်မြဲတိုင်းသောသဘော ဖြစ်လာ၏..ကျွန်ုပ်တို့အတွက် ချည်တိုင်သဖွယ်ဖြစ်လာ၏...၊
ထိုအခါ ပိုင်ဆိုင်မှုကို တောင့်တသော လိုအင်ဆန္ဒသည်
ထွန်းကားကြီးထွားလာ၏..ပိုင်ဆိုင်မှုမရှိလျှင်
မနေတတ်သောအဖြစ်သို့ရောက်လာ၏...........၊

နောက်တဆင့်အနေဖြင့်..ထိုပိုင်ဆိုင်လိုခြင်းကို အရင်းတည်၍ ရှာဖွေသိမ်းပိုက်ရခြင်းသည် ကျွန်ုပ်တို့၏ တာဝန်ဝတ္တရား ဖြစ်လာတော့၏..၊ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့လိုချင်သည် များကို ရှာဖွေသိမ်းပိုက်၏.. မရမနေကြိုးပမ်းအားထုတ်လျှက် အကြိမ်များစွာ ရှာဖွေသိမ်းပိုက်၏..၊ ထိုအခါ ..ပိုင်ဆိုင်ခြင်း/ရယူခြင်း တည်းဟူသော နှောင်ကြိုးသည် ကျွန်ုပ်တို့အား အထပ်ထပ်ရစ်ပတ်တော့၏..၊
စွန့်လွှတ်ခြင်း၌ ချိုမြိန်သောအရသာ ချိန်မြိန်သော အကျိုး ရှိ၏- -ဟူသော ဆုံးမစကား ဒေသနာတရားတို့ကို မကြာခဏကြားရသော်လည်း ပိုင်ဆိုင်လိုခြင်းတို့ဖြင့် အကြိမ်များစွာ ကျပ်ခိုးစွဲအောင် မှိုင်းတိုက်ခံထားရသောစိတ်သည် ထိုစွန့်လွှတ်ခြင်းနှင့်မရင်းနှီးရကား--- စွန့်လွှတ်ခြင်း၏ ကောင်းကျိုးကို မယုံကြည်ရဲဘဲရှိတတ်၏---- စိတ်သည် မိမိနှင့်ရင်းနှီးကျွမ်းဝင်သော ပိုင်ဆိုင်ခြင်းသို့သာ အဖန်ဖန်သက်ဝင်၏....အကယ်၍ စွန့်လွှတ်ရသည်ရှိသော် ထိုစွန့်လွှတ်ခြင်းကြောင့် ပြန်လည်ရယူပိုင်ဆိုင်ရမည့် အကျိုးကိုမျှော်ကိုးလျှက်ရှိပြန်၏ ဤနည်းဖြင့် စွန့်လွှတ်ခြင်းကိုပင် ပိုင်ဆိုင်လိုမှုရယူလိုမှု၏ တခြားပရိယာယ်အဖြစ်ပြုတတ်၏...
ဤသို့လျှင် ကျွန်ုပ်တို့သည် နှောင်ကြိုးဖြင့် ကိုယ်တိုင်ချည်ထားသော ၀ဋ်ဆင်းရဲတည်းဟူသော သစ်ငုတ်၌ ရစ်ပတ်လှည့်လည်လျှက်ရှိပေတော့၏.....
ရယူပိုင်ဆိုင်ခြင်း၌ယစ်မူးပျော်မွေ့လျှက် စွန့်လွှတ်ခြင်း၏ စစ်မှန်သောအဓိပ္ပါယ်ကို နားမလည်သေးသ၍ ဤသစ်ငုတ်မှလွတ်မြောက်ကြလိမ့်မည်လည်းမဟုတ်ပေ.....
ထို့ကြောင့် ရယူသိမ်းပိုက်ခြင်း၌နှစ်သက်သော နှောင်ကြိုးကို
တကြိမ်တည်းအပြီးမဖြတ်နိုင်သေးမှီ.... တစ်စချင်း တစ်စချင်း စွန့်လွှတ်လျှက် တဖြည်းဖြည်းဖြတ်တောက်ရပေလိမ့်မည်..... ဒါနပြုရာ၌ မိမိထံ အတုန့်တဖန်ပြန်လာမည့် ကောင်းကျိုးကို မကြည့်ရှုမူ၍ အလောင်းတော်တို့ ပြုခဲ့သော လွတ်လွတ်စွန့်ကြဲခြင်းနည်းလမ်းဖြင့်.. အမှန်တကယ်လိုအပ်သောအရာတို့၌ပြုခြင်းသည် ကျွန်ုပ်တို့၏ ၀ဋ်နှောင်ကြိုးဖြတ်တောက်ခြင်း၏ လမ်းစပင်ဖြစ်ပေတော့၏.........။

No comments:

Post a Comment